COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်လေပြွန်ကျဥ်းတဲ့ရောဂါ
ပန်းနာရင်ကြပ်ရောဂါကို လူသိများလှပေမယ့် chronic obstructive pulmonary diseade(COPD) လို့ခေါ်တဲ့ နာတာရှည်အဆုတ်လေပြွန်ကျဥ်းတဲ့ရောဂါအကြောင်းကိုတော့ သိပ်မသိကြပါဘူး။ လူသိမများပေမယ့် COPD ဟာလည်း ပန်းနာရင်ကြပ်လိုပဲ အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။
COPD ဟာ အဆုတ်ရဲ့တစ်ရှူးတွေ နာတာရှည်ရောင်ရမ်းရာက လေပြွန်တွေကျဥ်းလာပြီး အဆုတ်ထဲကို လေဝင်လေထွက်နည်းသွားတဲ့ ရောဂါဖြစ်ပါတယ်။ COPD ရှိတဲ့သူတွေဟာ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ တခြားအဆုတ်ရောဂါတွေပါ ဖြစ်နိုင်ခြေများပါတယ်။
ရှူသွင်းလိုက်တဲ့လေတွေဟာ လေပြွန် (trachea) ကနေ အောက်ကိုဆင်းလာတဲ့အခါ bronchi လို့ခေါ်တဲ့ လေပြွန်ခွဲနှစ်ခုကတဆင့် ဘယ်ညာအဆုတ်တွေထဲကို ရောက်ပါတယ်။ လေပြွန်ခွဲတွေကနေ bronchioles လို့ခေါ်တဲ့ လေပြွန်ခွဲငယ်လေးများအဖြစ် သစ်ကိုင်းသစ်ခက်များပုံစံဖြင့် ထပ်ခွဲသွားပြီး alveoli လို့ခေါ်တဲ့ လေအိတ်ငယ်လေးပေါင်းများစွာအဖြစ် အဆုံးသတ်ပါတယ်။ လေအိတ်ငယ်လေးတွေဟာ ပါးလွှာတဲ့နံရံရှိပြီး capillary လို့ခေါ်တဲ့ သွေးကြောမျှင်လေးပေါင်းများစွာ တွယ်ဆက်နေပါတယ်။ ရှူလိုက်တဲ့လေထဲက အောက်ဆီဂျင်တွေကို သွေးကြောမျှင်တွေကတဆင့် သွေးကြောတွေထဲကို ပို့ဆောင်ပေးပြီး တစ်ချိန်ထဲမှာပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်လည်ရှူထုတ်ပေးပါတယ်။
ရှူသွင်းရှူထုတ်တဲ့အခါ အဆုတ်လေပြွန်တွေနဲ့ လေအိတ်ငယ်တွေရဲ့ ဆန့်နိုင်ကျုံ့နိုင်စွမ်းအားက အောက်ဆီဂျင်များများဝင်အောင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများများရှူထုတ်နိုင်အောင် အကူအညီပေးပါတယ်။ COPD ဖြစ်တဲ့အခါ လေပြွန်နဲ့လေအိတ်ငယ်တွေရဲ့ ကျုံ့နိုင်စွမ်းအားလျော့နည်းသွားတဲ့အတွက် အောက်ဆီဂျင်အရနည်းသလို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလည်း ခန္ဓာကိုယ်ထဲမှာ များလာတာပါ။
ရောဂါလက္ခဏာတွေ…
တခါတလေ အဆုတ်ကတော်တော်ပျက်စီးသွားတဲ့အထိ ရောဂါလက္ခဏာ မပြတတ်တာလည်း ရှိပါတယ်။
- လှုပ်လှုပ်ရှားရှားလုပ်ရင်မောတာ
- အသက်ရှူကြပ်တာ
- ရင်ဘတ်ထဲက ရွှီရွှီသံမြည်နေတတ်တာ
- နာတာရှည်ချောင်းဆိုးပြီး သလိပ်အကြည်ရောင်၊ အဝါရောင်၊ အစိမ်းရောင်တွေ ထွက်တာ
- အားအင်ကုန်ခမ်းနေသလိုဖြစ်တာ
- ခြေထောက်တွေဖောယောင်တာ
မကြာခဏအဆုတ်ပွတာ စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ဒီရောဂါလက္ခဏာတွေ ရုတ်တရက် အပြင်းအထန်ထဖြစ်ပြီး ရက်ပိုင်းအတွင်း ပိုပိုဆိုးလာတာကို acute exacerbation လို့ခေါ်ပြီး အချိန်မီမကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။
- ဆေးလိပ်နဲ့ ဆေးတံသောက်တဲ့သူတွေ၊ ဆေးလိပ်ငွေ့အမြဲရှူနေရသူတွေ
- ညစ်ညမ်းတဲ့လေထုကို အမြဲရှူနေရသူတွေ
- Emphysema လို့ခေါ်တဲ့ လေအိတ်ငယ်တွေ ဖောင်းကားပျက်စီးတဲ့ရောဂါဖြစ်သူတွေ
- နာတာရှည်လေပြွန်ရောင်နေသူတွေ၊ ပန်းနာရင်ကြပ်ရှိသူတွေ
- ဖုန်နဲ့ အဆုတ်ကိုလှုံ့ဆော်တဲ့ဓာတုပစ္စည်းတွေ အမြဲရှူရှိုက်နေရတဲ့ လုပ်ငန်းခွင်ကသူတွေ
- လေဝင်လေထွက်မကောင်းတဲ့နေရာမှာ ထမင်းဟင်းချက်၊ အမှိုက်မီးရှို့လေ့ရှိသူတွေ
- Alpha 1 antitrypsin လို့ခေါ်တဲ့ မျိုးရိုးဗီဇချို့တဲ့သူတွေမှာ အဖြစ်များပါတယ်။
ကုသမှု…
ကျဥ်းနေတဲ့လေပြွန်တွေက ပုံမှန်ပြန်မဖြစ်နိုင်တော့ပေမယ့် နောက်ထပ်လေပြွန်တွေ မရောင်ရမ်းဖို့နဲ့ မကျဥ်းဖို့ ကုသရပါမယ်။
ဆေးလိပ်သောက်တဲ့သူဆို ဆေးလိပ်ဖြတ်တာ
ဂေါက်ရှူဆေးလို့ခေါ်တဲ့ inhalar တွေ သုံးတာ
အဆုတ်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တာ
အဆုတ်ရဲ့ ဧရိယာတော်တော်များများ ထိခိုက်နေပြီဆိုရင်တော့ အဆုတ်အစားထိုးကုသမှုခံယူတာတွေ လုပ်လို့ရပါတယ်။
COPD ရှိနေပြီး နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်…
ဆေးလိပ်ဖြတ်ပါ။
ရာသီအကူးအပြောင်းနဲ့ အေးတဲ့ရာသီတွေမှာ ဂရုတစိုက်နေပါ။
အဆုတ်ပိုးဝင်ပြီး အဆုတ်ပွရင် ကုသမှုချက်ချင်းခံယူပါ။
တုပ်ကွေးကာကွယ်ဆေး ပုံမှန်ထိုးပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်